အရောရော အထွေးထွေးနဲ့ မှားယွင်းတဲ့ အယူအဆတွေကြားမှာ ကြီးပြင်းလာခဲ့ရတာဟာ အလွန်အန္တရာယ်ကြီးပါတယ်။ အများအားဖြင့် လူတွေဟာ ချမ်းသာလိုကြပါတယ်။ ဒီဘ၀မှာ ချမ်းသာပါစေလို့ဆုတောင်းနေကြသူများပါတယ်။ ဆုပေးတဲ့နေရာမှာလည်း "ကျန်းမာပါစေ၊ ချမ်းသာပါစေ" လို့ပေးလေ့ပေးထရှိတယ်။ ဒါပေမဲ့ ချမ်းသာခြင်းနဲ့ ပြည့်စုံခြင်းက မတူဘူးဆိုတာ ဘယ်သူကမှ ရှင်းပြကြမှာမဟုတ်ပါဘူး။ ဘယ်နောက်လိုက်မယ်ဆိုတာလည်း ခွဲခွဲခြားခြားပြောနိုင်ကြမှာမဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ အလွန်နိမ့်ပါးတဲ့ လူ့အသိုင်းအ၀ိုင်းတစ်ခုသာဖြစ်လာခဲ့တယ်။
တကယ်တော့ ချမ်းသာခြင်းဆိုတာက ကြွယ်ဝခြင်းကိုခေါ်တယ်။ ကြွယ်ဝတယ်ဆိုတာက မိမိမှာလိုအပ်တာထက်ပိုနေတာကို ခေါ်တယ်။ ဥပမာအားဖြင့် မိမိမှာ နေစရာအိမ်တစ်လုံးလိုတယ်။ သို့ပေမဲ့ အိမ်တစ်လုံးထက်မက ပိုင်လာပြီဆိုရင် ချမ်းသာခြင်းဖြစ်လာပြီ။ စီးစရာ ကားတစ်စီးလိုတယ်။ သို့သော် ကားပေါင်းမြောက်များစွာ ပိုင်ဆိုင်လာပြီဆိုရင် ဒါချမ်းသာတာပဲ။ အများအားဖြင့်
အမြန်ချမ်းသာလိုသူများဟာ အလုပ်လက်မဲ့များ၊ လူပျင်းများ၊ လက်ကြောမတင်းသူများကပိုများပါတယ်။ ချမ်းသာခြင်းကိုသာတောင့်တပြီး ကိုယ်က မှန်မှန်ကန်ကန်ဘာမှမလုပ်တတ်သူတွေဖြစ်တယ်။ ချမ်းသာဖို့ကတော့အခွင့်အရေးနဲပါးပါတယ်။ သို့သော် ဒီလူတွေအတွက် ချမ်းသာခြင်း၊ မချမ်းသာခြင်းက အဓိက မဟုတ်ပါဘူး။ သူတို့က ရောက်နေတဲ့နေရာမှာပဲ ရပ်နေလိုသူတွေဖြစ်တဲ့အတွက် ဒုံရင်းက ဒုံရင်းပါပဲ။
အမှန်တကယ်လုပ်ရမှာက ချမ်းသာခြင်းကို ရော်ရမ်းတမ်းတနေတာထက် ပြည့်စုံလာအောင်ကြိုးစားကြဖို့လိုတယ်။ လူသားတွေဟာ မွေးဖွားလာတာနဲ့ အရာရာ ပြည့်စုံလာတယ်ဆိုတာမျိုးမရှိပါဘူး။ မိမိဘာသာတောင် ဘာမှ မလုပ်နိုင်တဲ့၊ အမေကူညီမှ လုပ်နိုင်တဲ့အထိ မပြည့်မစုံနဲ့မွေးဖွားလာသူများပါပဲ။ သို့သော် အချိန်တိုင်း ဒီလူတွေဟာ ပြည့်စုံအောင်ကြိုးစားနေတယ်။ ၀မ်းလျှားမှောက်ရာကနေ ထိုင်ဖို့ကြိုးစားမယ်။ ထိုင်ဖို့ကနေ မတ်တပ်ရပ်ဖို့ ကြိုးစားမယ်။ မတ်တပ်ရပ်ရာကနေ လမ်းလျှောက်နိုင်အောင် နောက် ပြေးနိုင်အောင် ကြိုးစားကြပါတယ်။ ကြိုးစားတဲ့အလျှောက်လည်း ပြည့်စုံလာကြတယ်။ လုပ်နိုင်ကိုင်နိုင်တွေဖြစ်လာကြတယ်။
စာအုပ်တစ်အုပ်ကို ပဲဖတ်ဖတ်၊ အလုပ်တစ်ခုကိုပဲလုပ်လုပ်၊ ရည်မှန်းချက်တစ်ခုကိုပဲထားထား ပြည့်စုံအောင်သာလုပ်ဆောင်သွားကြရမယ်။ မိမိမှာဘာပြည့်စုံဖို့လိုနေတယ်ဆိုတာကို သိရမယ်။ လက်သမားမှာ စူး၊ ဆောက်၊ လွှ၊ တူ၊ ပလာယာ အစရှိတဲ့ ပစ္စည်းတွေ ပြည့်စုံရမှာပဲ။ မပြည့်စုံရင် အလုပ်ပြီးအောင် လုပ်လို့မရဘူး။ သပ်ယပ်အောင်လုပ်လို့မရဘူး။ ပန်းရံတစ်ယောက်ဆိုရင်လည်း ချိန်သီးလိုတယ်။ ဂေါ်ပြားလိုမယ်၊ ဒါမှ အလုပ်ကို အရည်အသွေးကောင်းကောင်းပြီးအောင်လုပ်နိုင်မယ်။ စားဖိုမှူးတစ်ယောက်ဆိုရင်လည်း သူဝတ်မဲ့အ၀တ်အစားလိုမယ်။ ဓါးထက်ထက်လိုမယ်။ စဉ်းနှီးတုန်းလိုမယ်။ ဆိုလိုတာကကိုယ့်အလုပ်နဲ့ကိုယ် ပြည့်စုံအောင်လုပ်လာဖို့က အလွန်အရေးကြီးတယ်။
ဒီတော့ ငါတို့ကတော့ ချမ်းသာရင် ပြီးပါပြီလို့ ဆုတောင်းနေတဲ့ လူပျင်းတွေထက်စာရင် ကိုယ်သိဖို့ လိုအပ်သေးတဲ့အရာတွေ၊ ကိုယ့်အလုပ်တွေလုပ်တဲ့နေရာမှာ ပြည့်စုံအောင် လုပ်ဖို့လိုနေသေးတာတွေကို တစ်နေ့တစ်ခြား ပြည့်စုံလာအောင် ကြိုးပမ်းသွားကြရမယ်။ စုဆောင်းသွားကြရမယ်။ လုပ်ဆောင်ကြရမယ်။ ဒါကြောင့် ချမ်းသာဖို့ အိမ်မက်မက်မနေပါနဲ့၊ ပြည့်စုံအောင်ကြိုးစားပါ။ ဘယ်အရာလုပ်လုပ် ပြည့်စုံအောင်ကြိုးစားပါ။ ရှင်သန်ခြင်း၊ သေဆုံးခြင်းတွေကတော့ ကိုယ်ကမလုပ်နိုင်ဘူး။ ပြည့်စုံအောင်သာ အစွမ်းကုန်ကြိုးစားကြပါတော့။
Credit By:
No comments:
Post a Comment